နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရှိ ဓမ္မာရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဒေသထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ နည်းပညာသင်တန်းများကို အခမဲ့သင်ကြားပို့ချပေးသည့်အတွက် ဒေသအတွက် ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် အလေးအနက်ထားသင်ယူကာ သင်တန်းပြီးမြောက်ပါက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းငယ်များ ထူထောင်နိုင်ပြီး ကျေးရွာ/ရပ်ကွက်နေ ပြည်သူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့် ဘာသာရပ်များအား ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူလေ့လာသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အားလည်းကောင်း၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအသောက်များ စစ်ဆေးမှတ်ပုံတင်ခြင်း ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့်လိုအပ်ချက်များအား အထောက်အကူပြုသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့များ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ဥတ္တရသီရိမြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တတစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်(ပြန်/ဆက်)