ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၊ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် အစိုးရမှ ငါးမွေး မြူရေးလုပ်ငန်းများ အမြန်ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်ချက် ဖြင့် လှည်းကူးမြို့နယ်၌ COVID-19 Economic Relief Plan၏ Action Plan အရ ငါးမွေး တောင်သူများအား ငါးသားပေါက်ကောင်ရေ(၁၁၂၂၀၂၀) ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ လ (၆)ရက် နံနက်(၉)နာရီအချိန်က လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာ တွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် လှည်းကူးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်နှင့် တိုင်းဒေသ ကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းတို့က အမှာစကား အသီးသီး ပြောကြား ပြီး ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ငါးလုပ်ငန်းဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်က COVID-19 Economic Relief Plan၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ငါးမွေးတောင်သူ (၁၀)ဦး၏ငါးကန်(၅၆၁.၀၁)ဧကအတွက် ငါးသားပေါက် ကောင်ရေ (၁၁၂၂၀၂၀)အား တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ငါးမွေးတောင်သူ တစ်ဦးဖြစ်သော ဦးလင်းယု က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အခမ်းအနားသို့ လှည်းကူးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ အင်းစိန် မြို့နယ် ဦးစီးမှူး ဦးဇော်နိုင်လင်းနှင့်ဝန်ထမ်းများ၊ လှည်းကူးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ငါးမွေး တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)