ရသေ့တောင် ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပင်လယ်ပြင် ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါသင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံအောင်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားခဲ့ပြီး ပင်လယ်ပြင်လုပ်ငန်းခွင် အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ငါးဖမ်းရေယာဉ်ပိုင်ရှင်များနှင့် ရေလုပ်သားများ ၏ ဆောင်ရွက်ရမည့် အချက်အလက်များ၊ ငါးဖမ်းစက်ကိရိယာဆိုင်ရာ ကိစ္စရပ်များ၊ ရေလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများနှင့် ရေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေပိုင်ရှင်များနှင့် လုပ်သားများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးလင်းကျော်နှင့် တပ်ကြပ်ကြီးဦးဇော်အောင်တို့က ရေကူးနည်းများ၊ ရေနစ်သူအား ကယ်တင်ရန် နည်းလမ်းများ ရေယာဉ်ပေါ်၌ သဘာဝအန္တရာယ်များ ကျရောက်ပါက လုပ်ဆောင်ရမည့် အရေးပေးဆောင််ရွက်ရမည့် ကိစ္စရပ်များ၊ ရေပေါ်တွင် ပေါ်နိုင်သည့် ပစ္စည်းများအား အရေးပေါ်အသက်ကယ်နိုင်ရန် အသုံးပြုနိုင်ရန် နည်းလမ်းများ၊ မီးသတ်ဆေးဗူး အသုံးပြုမှုများအား ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ရသေ့တောင်မြို့နယ်၊ ကြက်ခြေနီအသင်းက မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးလှကျော်နှင့် တပ်ဖွဲ့ဝင်များက အခြေခံအသက်ကယ်ရေးဆိုင်ရာကိစ္စရပ် များ၊ ရေနစ်သည့်လူနာအား စနစ်တကျ ရှေ့ဦးပြုစုလုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ မီးလောင်ရာ၌ မီးခိုးရှူရှိုက်ခြင်း၊ ါတ်လိုက်ခြင်း၊ ပြင်းထန်စွာဒဏ်ရာရခြင်းများအတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ယမန်နေ့ နံနက် ၉ နာရီ မှ ယနေ့ ညနေပိုင်းအထိ ၂ ရက်ကြာ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ၄င်းသင်တန်းအား ရေလုပ်သားများနှင့် ရေလုပ်ငန်းများအား စိတ်ပါဝင်စားသူ ၃၀ ကျော်တို့က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)