ပြင်ဦးလွင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြင်ဦးလွင် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာများအား  သိရှိနားလည်စေရန်နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဘေးအန္တရာယ်ဆိုးကျိုးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  အသိပညာပေး “သတင်းစကား ”လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ  “သတင်းစကား ” လက်ကမ်းစာစောင်တွင်  မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများ၊ နိုင်ငံ တော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ မဟာဗျူဟာများနှင့် နည်းဗျူဟာများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် နိုင်ငံအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဘိန်းစိုက်ခင်း များအား မီးရှို့ဖျက်ဆီးရှင်းလင်းနေသည့် မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရင်ဆိုင်ကြုံတွေ့နိုင်သည့် ဆိုးကျိုးများ၊  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုကာတွန်း၊ ကဗျာနှင့်ဆောင်ပုဒ်များဖြင့် ပါဝင်ဖော်ပြထားကြောင်း သိရသည်။    

၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပြီးအချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့်  မူးယစ် ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နှစ်စဉ်ကျင်းပခဲ့ကြပြီး ယခုနှစ် ၂၀၂၂ ခုနှစ်ဆိုလျှင် (၃၅) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်