အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ဟိုပန်၌ ကျင်းပ

ဟိုပန် ဇွန် ၂၇

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ အခြေခံပညာအထက်ကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို Grade-10 ကျောင်းသားကျောင်းသူများက“အမိမြေ မူးယစ်ကင်းစင်စေ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း(ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သောသဝဏ်လွှာကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟန်က ဖတ်ကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာဗဟုသုတများကို အမှတ်(၂၁)မူးယစ်တပ်ဖွဲ့စု(ကွမ်းလုံ)မှ တပ်ဖွဲ့စုမှူး တာဝန်ခံရဲမှူး နိုင်ထမ်းမနားက Projector ဖြင့် ရှင်းလင်းတင်ပြကာ  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို Video Clip ဖြင့် ပြသခဲ့သည်။

ဆက်လက်၍ လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်း စခန်းတာဝန်ခံ ဦးထွန်းထွန်းခိုင်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်)နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့တွင် ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရာရှိသော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက်  Grade-10 ကျောင်းသားကျောင်းသူများက “ မူးယစ်ရန်စွယ်တို့ကာကွယ်” တေးသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ တက်ရောက်လာသူများက မူးယစ်ဆေးဝါး အသိပညာပေး ပြဘုတ်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)