တာမွေ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနှုတ်မြောင်းများအတွင်း ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက တာမွေမြို့နယ် ဗညားဒလလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ တာမွေမြို့နယ် ဗညားဒလလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
“အခုလို မြို့နယ်စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ ရေနှုတ်မြောင်းအတွင်း ပိတ်ဆို့နေတဲ့ နုန်းတွေ၊ အမှိုက်တွေကို ဆယ်ယူရှင်းလင်းပေးတာဟာ မြို့နယ်အတွက် အရေးပါတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုဖြစ်သလို၊ မိုးရာသီရောက်တဲ့ အခါမှာလည်း ရေကြီးရေလျှံမှု ပြဿနာကို အထိုက်အလျောက် ဖြေရှင်းရာလည်း ရောက်ပါတယ်။ ဒါတင်မကပဲ မြို့နယ်အတွင်းရှိ အခြားသော ရေစီးဆင်းမှုမရှိဘဲ နုန်းများ၊ အမှိုက်များ ပိတ်ဆို့နေတဲ့ ရေနှုတ်မြောင်းတွေ၊ မြေအောက်မြောင်းတွေကိုလည်း ဆယ်ယူရှင်းလင်းခြင်းတွေ ဆောင်ရွက်ပေးစေချင်တဲ့အပြင် ကျွန်မတို့ရပ်ကွက်နေ ပြည်သူတွေ၊ လမ်းသွားလမ်းလာတွေအနေနဲ့ကလည်း အမှိုက်တွေကို ရေနှုတ်မြောင်းများအတွင်း အလွယ်တကူ မစွန့်ပစ်ဘဲ အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသော နေရာများတွင်သာ စနစ်တကျစွန့်ပစ်ခြင်းဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်၏အဓိကကျသည့် နတ်ချောင်း၊ ခုနှစ်ပင်လိမ်ချောင်း၊ မိုးမခချောင်းများ၏ ချောင်းနံရံများ ရေတိုက်စားမှုဒဏ်မှ ကင်းဝေးစေရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်