မန္တလေး၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကအားထား စိုက်ပျိုးသောနိုင်ငံဖြစ်သောကြောင့် ဆန်စပါးစိုက်ပျိုးခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၈၀၂၄၉) စိုက်ပျိုးရန် လျာထားပြီး လက်ရှိတွင် (၄၁၃၂၈၇) ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးမှာ မိုးစပါးစိုက်ဧက ငါးသိန်းရှစ်သောင်းကျော်နဲ့ နွေစပါးစိုက်ဧကတစ်သိန်းနှစ်သောင်းကျော် စုစုပေါင်းစပါးစိုက်ဧက ခုနှစ်သိန်းကျော် ရှိပါတယ်၊ ခုလက်ရှိမှာ စပါးစိုက်ဧကလေးသိန်းတစ်သောင်းကျော် စိုက်ပျိုးပြီးသွားပါပြီ၊ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ဆောင်ရွက်နေပါတယ်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဧရာမင်း၊ ပေါ်ဆန်းယဉ်၊ မနောသုခ၊ ဆင်းသုခ၊ ရက်တစ်ရာ အစရှိသော စပါးမျိုးများအား အများဆုံးစိုက်ပျိုးပြီး ရွှေသွယ်ရင်၊ စူပါနှံကောက်၊ ရွှေရင်အေး အစရှိစပါးမျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရသည်။
ကျွန်တော်တို့ဒေသမှာတော့ မိုးစပါးဆိုရင် ဧရာမင်း(ခ)အရှေ့တောမဂျမ်းတောမျိုးဘဲ စိုက်ပျိုးတာများပါတယ်၊ ဒီမျိုးက ဒီဒေသမှာ နာမည်လည်းတော်တော်ရနေပြီ၊ တခြားစပါးမျိုးတွေလည်း စိုက်ပျိုးတာတော့ရှိပါတယ်၊ ဒီဒေသက ဆည်တော်ကြီး/ဆည်တော်လေး ဆည်ရေသောက်စနစ်နဲ့ စိုက်တာဆိုတော့ စပါးစိုက်ဧကအားလုံးနီးပါးစိုက်ပျိုးပြီးနေပါပြီဟု ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ မိုးစပါးစိုက်ဧက ငါးသိန်းရှစ်သောင်းကျော်ရှိပြီး လက်ရှိတွင် စပါးစိုက်ဧက လေးသိန်းတစ်သောင်း ကျော်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများကိုလည်း ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိ ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)