နမ္မတူ ဇွန် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေးအတွက် နှစ်စဉ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် ခွင့်ပြုငွေ (၂၃.၉၅)ကျပ်သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း (၄)ခု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများမှာ စည်ပင်သာယာရေးဦးစီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၂၃.၉၅)ကျပ်သန်းဖြင့် ဆောင်ရွက်သော ပန်ဟိုက်ရပ်ကွက် (၄)ရှိ လမ်းအရှည် (၁၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မရှိ ဓမ္မာရုံနောက်ကျောလမ်း ကွန်ကရစ်ခင်းခြင်း၊ ပန်ဟိုက်ရပ်ကွက် (၈)ရှိ လမ်းအရှည် (၃၉၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိ ရေကန်လမ်းကွန်ကရစ်ခင်းခြင်း၊ ပန်ဟိုက်ရပ်ကွက် (၁)ရှိ မြို့တွင်းရေပေးဝေရေးလုပ်ငန်းအတွက် ဂါလံ (၈၀၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပန်ဟိုက်(၂)ရပ်ကွက်ရှိ မြနန္ဒာပန်းခြံရင်ပြင်ပြုပြင်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နမ္မတူမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)