မြောက်ဥက္ကလာပ ဇွန် ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀) နာရီအချိန်က အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း သဇင်ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် အမှတ်၃၅၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး လှိုင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်သတိပေး လမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင် စဉ်လိုက်နာ ရာမည့်အချက်များ၊ လမ်းကူးရာတွင် သတ်မှတ်ထားသည့် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျ ကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့် ပတ်သက်၍ သိရှိလိုက်နာရန်အချက်များစသည့်တို့ကို ဟောပြောခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန် အသိပညာပေး ရုပ်သံများအား projector ဖြင့် ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး