မိုင်းနောင် အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ် စာစီစာကုံးနှင့်ပန်းချီ​ ပြိုင်ပွဲဆုပေးပွဲပြုလုပ်

မိုင်းနောင် ဇွန်  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲဆု​ပေးပွဲကို ယနေ့ နံနက်(၉) နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်ခဲ့သော အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့် နံရံကပ်စာစောင်များပြသကာ မြို့ဦးစီးမှူး ဒေါ်နန်းမီးက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ရေး၊ ရဲအုပ်ဇော်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲသို့ မြို့အုပ်ချုပ်ရေး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ (၁၅၀ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)