ကွတ်ခိုင် ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း (၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာဓမ္မာနုဂ္ဂဟ စာမေး/စာပြန်ပွဲတော် ဆုနှင်းသဘင်အခမ်းအနား ပြုလုပ်ခြင်းကို ဇွန်လ ၂၅ ရက်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၅)ရက်ကွက်၊ ကေဝလမာရ်အောင်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာဓမ္မာနုဂ္ဂဟ စာမေး/စာပြန်ပွဲတော် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာတွင် အခမ်းအနားသို့ ဆရာတော်အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အလှူရှင်များက တက်ရောက်ခဲ့ပြီး၊ အခမ်းအနားတွင် ဆရာတော်သံဃာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ အတန်းအသီးသီးမှ ပ၊ ဒု၊ တ စာအောင်သံဃာတော်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆုများချီးမြှင့်ဆက်ကပ်ခြင်း၊ အလှူငွေကျပ် (၅)သောင်းနှင့်အထက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)