နမ့်စန်(တ) ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အထက(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က ဩဝါဒစကားနှင့် ကျောင်းကောင်စီအဖွဲ့ဖွဲ့စည်းရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုလယ်ပြဆရာ ဦးဝေလင်းက ကျောင်းသားကျောင်းသူအားလုံး၏ မဲဆန္ဒအရရွေးချယ်ထားသော ကျောင်းကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၏ အမည်စာရင်းအား ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကို အတည်ပြုဖွဲ့စည်းကြောင်းကြေညာခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က ကျောင်းကောင်စီအဖွဲ့ အသင်း(၅)သင်း၏ အလံများကို အသင်းခေါင်းဆောင်ဆရာ/ဆရာမများအား ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းကောင်စီအဖွဲ့ဝင်အားလုံးက ကျောင်းကောင်စီကတိသစ္စာ(၄)ချက်ကိုရွတ်ဆို ကတိသစ္စာပြု၍ အခမ်းအနားတက်ရောက်သူ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်ရွတ်ဆို၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)