သိန္နီမြို့တွင် နှင်းဆီပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေရရှိ

သိန္နီ ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် Nyi&Linn နှင်းဆီပန်းစိုက်ပျိုးရေး မိသားစုအနေဖြင့် အပိုဝင်ငွေရရှိစေရန် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအနေဖြင့် နှင်းဆီစိုက်ပျိုးခြင်းကို သိန္နီမြို့ ရပ်ကွက်(၄)တွင် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့တွင် Nyi&Linn နှင်းဆီစိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိသော မိသားစုအနေဖြင့် နှင်းဆီများစိုက်ပျိုး၍ ရောင်းချရာတွင် နှစ်စဉ်ငွေကျပ် (၃၅)သိန်းကျော်ခန့်ရရှိကြောင်း သိရသည်။ နှင်းဆီစိုက်ပျိုးရာ၌ စတင်စိုက်ပျိုးသည့်အချိန်မှစ၍ (၃)လအကြာတွင် ပန်းပွင့်သောမျိုး၊(၆)လအကြာတွင် ပန်းပွင့်သောမျိုးနှင့် (၈)လအကြာတွင် ပန်းပွင့်သောမျိုးဟူ၍ (၃)မျိုးခွဲခြားရှိကြောင်း၊ နှင်းဆီပျိုးပင်တစ်ပင်လျှင် အနည်းဆုံး ကျပ်တစ်ထောင်မှ ကျပ်တစ်ထောင့်နှစ်ရာကြားတွင် ဝယ်ယူစိုက်ပျိုးရကြောင်းလည်း သိရသည်။ Nyi&Linn နှင်းဆီစိုက်ပျိုးခြံတွင် နှင်းဆီပင်ပေါင်း ရှစ်ထောင်ကျော် စိုက်ပျိုးထားရှိပြီး နှင်းဆီတစ်ပွင့်လျှင် တစ်ရာကျပ်နှုန်းဖြင့် မြို့ပေါ် ပန်းဆိုင်များနှင့် နယ်မှပန်းဆိုင်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း၊ နှင်းဆီရောင်းချရငွေမှာ တစ်လလျှင် သုံးသိန်းငါးသောင်းကျော် ရောင်းချရကြောင်းလည်း သိရသည်။ နှင်းဆီပင်၏ သက်တမ်းမှာ ပျှမ်းမျှ လေးနှစ်မှ ငါးနှစ်အတွင်းရှိပြီး ငါးနှစ်ကျော်ပါက အသစ်ပြန်လည်စိုက်ပျိုးရကြောင်းလည်း သိရသည်။ “ ယခုလိုမိုးရာသီအချိန်အခါတွင် နှင်းဆီပွင့်များ ပိုးမွှားအန္တရာယ်ကျရောက်နိုင်ခြင်း များပြားမှုရှိနိုင်သဖြင့် မကြာခဏ အရွက်ဖြန်းပိုးသတ်ဆေးများ အသုံးပြုရကြောင်း၊ ကျန်ရာသီများတွင် နှင်းဆီအထွက်နှုန်းကောင်းသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ဒေသအတွင်းရှိ ပြည်သူများအနေဖြင့်လည်း နှင်းဆီစိုက်ပျိုး၍ မိသားစုအပိုဝင်ငွေရရှိရန်စိုက်ပျိုးသင့်ကြောင်း” Nyi&Linn နှင်းဆီစိုက်ပျိုးရေးတာဝန်ခံ ကိုထွန်းလင်းက ပြောကြားသည်။

(စောဥမ္မာ)သိန္နီ