ဟိုပုံး ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးကသင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဒေသတွင်းထွက်ရှိသောသီးနှံများကို အခြေခံသည့် စားသောက်ကုန်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ One Village One Product အဖြစ် ထုတ်ကုန် အသစ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက် အသီးအနှံများအား တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို ဇွန်လ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၇)ရက်ကြာဖွင့်လှစ်ပေးခဲ့ပြီး Butter Cake၊ ကွက်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake၊ သီးစုံကိတ်၊ ပေါင်မုန့်၊ ကိတ်ခြောက်နှင့် Pizza စတဲ့ မုန့်(၁၄)မျိုးထုတ်လုပ်နည်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုလိုတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအပြင် လူသုံးကုန်နှင့်အလှကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါး အခြေခံလက်မှုထည်နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းနှင့် ရက်ကန်းကာလတိုသင်တန်းများဖြစ်သည့် သဘာဝဆိုးဆေးသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားသည်။ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး သင်တန်းဆင်း သင်တန်း သူများအား သင်တန်းသုံးပစ္စည်းများကို ပေးအပ်သည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက သင်တန်းသူများအား သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများကို ပေးအပ်သည်။ ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ နန်းနုဝါက ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း သင်တန်းတွင်လည်း မုန့်ထုတ်လုပ်မှုနည်းပညာများစွာရရှိပါကြောင်း ပြောကြားခဲ့ပြီး ကြွရောက်လာသည့် ဧည့်သည်များနှင့် လာရောက်လေ့လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား အဆိုပါသင်တန်းမှ ပြုလုပ်သည့် မုန့်မျိုးစုံဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်နှင့် တာဝန်ရှိသူများက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)