ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

ကျိုင်းတုံ ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်အနီး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြီး မြေသန့်(မြေနှုတ်) ကမ္မဝါရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

ကျိုင်းတုံဟော်နန်းပုံစံတူ သံကူကွန်ကရိ(၂)ထပ်အဆောက်အဦးကို မင်းဒင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လမှ လုပ်ငန်းစတင်၍ ၂၀၂၃ ဇွန်လအတွင်း  အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြေသန့်မင်္ဂလာအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)