ခရမ်းမြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးစိုက်ပျိုး

ခရမ်း ဇွန် ၂၇

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရမ်းမြို့နယ် ရွှေဘိုစုကျေးရွာရှိ တောင်သူ ဦးဇော်ဇော်ထွန်း၏လယ်မြေ(၁)ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။

အဆိုပါ တိရစ္ဆာန်အစာပင်နေဗီယာ မြက်သရုပ်ပြစိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော တိရစ္ဆာန်အစားအစာအဖြစ် ကျွေးမွေးနိုင်စေရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရန်၊ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချနိုင်စေရန်တို့အတွက် ရည် ရွယ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်အစာပင် နေဗီယာမြက်တွင် အသားဓာတ်(၁၄) ရာခိုင်နှုန်းမှ (၁၆)ရာခိုင်နှုန်းအထိ ပါဝင်ကာတစ်ဧကလျှင် ပင်ကြားတန်းကြားသုံးပေခန့်စီဖြင့် အပင်ရေ(၄၄၀၀)ပင် စိုက်ပျိုးနိုင်ပြီး ရှစ်နှစ်သက်တမ်းရှိကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ရက်(၉၀)အတွင်း ရိတ်သိမ်းနိုင်ပြီး တစ်နှစ်လျှင် ငါးကြိမ်အထိ ရိတ်သိမ်းကျွေးမွေးနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်းတန်(၁၀၀)ခန့်အထိ ထွက်ရှိနိုင်ပြီး နွားကောင်ရေ (၁၅) ကောင် (သို့မဟုတ်) ဆိတ်ကောင်ရေ(၁၅၀)ကောင်အထိ အစာဖူလုံစွာကျွေးမွေးနိုင်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစုစုလှဝင်းက ပြောကြားခဲ့ပြီးတက် ရောက်လာသော တောင်သူများထံသို့ နေဗီယာမြက်မျိုးများ ဖြန့်ဝေပေးပြီး၊ တိရစ္ဆာန်အစာပင်(နေဗီယာမြက်)များ သရုပ်ပြစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရသည်။

ကိုမင်း(ခရမ်း)