နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (တိုင်းအဆင့်)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

ဇမ္ဗူသီရိ ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်းအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (တိုင်းအဆင့်) ၂/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက နေပြည်တော်ကောင်စီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပွားမှုများပြားတဲ့ ဘေးအန္တရာယ်အမျိုးအစားအလိုက် စနစ်တကျ ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် စီမံချက်များ ကြိုတင်ရေးဆွဲဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ဖို့အတွက် ဟောပြောပွဲများ၊ Talk Show များ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ကျင်းပပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်တုံ့ပြန်ရာမှာ ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို အရင်ဦးဆုံးစီမံဆောင်ရွက်ခြင်းသည် အထိရောက်ဆုံးသော နည်းလမ်းပဲဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချဆွေးနွေးမှုများအား စိတ်ဝင်တစားဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီး ရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိတို့မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသဘောတရားများဖြစ်တဲ့ ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ခြင်း၊ ဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးစတဲ့ အခြေအနေများမှာ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မိမိတို့ဆည်းပူးလေ့လာခဲ့တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပညာရပ်များကို ထိရောက်စွာအသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် သင်တန်းတွင် ခင်းကျင်းပြသထားသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီနှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ (၂၇) ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့အထိ  (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့်ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်သင်ခန်းစာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ သင်ခန်းစာများ၊ အရေးပေါ်ကာလတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ် စောင့်ရှောက်မှုများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)