သီပေါ ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များတွေ့ဆုံ၍ (၁၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သီလရှင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ဗုဒ္ဓဘာသာ သာသနာတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်၍ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူလျက် နှစ်စဉ်ဝါဆိုလဆန်း(၁၀)ရက်နေ့ရောက်တိုင်း သီပေါမြို့နယ်အတွင်းရှိ သီလရှင် စာသင်တိုက် အသီးသီးတွင် ဝါဆို၊ဝါကပ်တော်မူကြမည့် သီလရှင်များအား ဆွမ်းဆန်ပြည့်စုံစွာရရှိစေပြီး သာသနာတော်အား ဆထက်ထမ်းပိုးသယ်ပိုးနိုင်ရန် မြို့နယ်အတွင်း စေတနာရှင် အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့လယ်ဓမ္မာရုံ၊ မဟာသာသနာ့ဗိမာန် တော်ကြီးတွင်ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် (၁၃)ကြိမ် မြောက်ရှိပြီဖြစ်ရာ အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ အနေဖြင့် (၁၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဝင်းက ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၂၁)ကျောင်းမှ သီလရှင်အပါးပေါင်း (၆၀၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ဝါဆိုလဆန်း(၁၀)ရက်၊ (၇-၇-၂၀၂၂)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လယ်ဓမ္မာရုံ၊ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုအပ်သည်များကို အသီးသီးအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)