ထန်းတပင်မြို့နယ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းကာ စစ်ဆေး ဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့် အနေဖြင့် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိ ပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍  မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် တာဝန်ရှိ သူများက အိမ်တိုင်ရာရောက် ကွင်းဆင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ဦးဆောင်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် အဖွဲ့များခွဲ၍ ရပ်ကွက်နေပြည်သူများအား ၄င်းတို့၏ နေအိမ်များတွင် ကိုယ်အပူချိန်များ တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/မရှိစစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာ ကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးစစ်ဆေးမှုများကို မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေးရွာများတွင်ပါ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများကို (၁၄)ရက် အတွင်း ပြီးစီးအောင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Coronavirus Disease 2019(Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လည်း ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးတာဆုံအနီး (၈/၅)မိုင်တွင် ကျန်းမာရေးစစ်ဆေး ဂိတ်ကို စက်တင်ဘာလ(၁)ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများက ဖြတ်သန်းသွားလာနေသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်များတိုင်းကာ ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုများကို ဆောင်ရွက်လျက်ရှိကြောင်း လည်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)