မိုင်းဆတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာလုပ်ငန်း သင်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျန်းမာရေးဌာနမှ ဆရာမကြီးဒေါ်ညေးစေက အမျိုးသမီးသားဆက်ခြားခြင်းဆိုင်ရာများ ကိုလည်းကောင်း၊ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း၊ အမှတ်(၁၂၂)ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်စည်သူဆွေက ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်စီးနှင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၂၉)မှ ဒုရဲအုပ်ဝေဖြိုးဦးက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့် မူးယစ်ဆေးအမျိုးအစားများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် အမှတ်(၁၂၂)ယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကိုလည်းကောင်း၊ ကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်များကိုလည်းကောင်း အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)