မိုင်းယု ဇွန် ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများ နှစ်ရှည်ရော်ဘာများ စိုက်ပျိုးထား၍ ရာသီအလိုက် အစေးခြစ်ခြင်းလုပ်ငန်းများဖြင့် မိသားစုအတွက် နှစ်စဉ်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေတိုးပွားလျက်ရှိသည်။
ဒေသခံတောင်သူတို့သည် ရော်ဘာအစေးခြစ်ရာတွင် ရရှိလာသည့် ရော်ဘာအစို အစိမ်းပြားများကို ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစားရော်ဘာပြား ထုတ်လုပ် စက်ရုံသို့ ရောင်းချကြသော်လည်း အများစုအနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချကြကြောင်း၊ ယခုနှစ် လက်ရှိ ရော်ဘာစေးအစို တစ်ကီလိုလျင် ငွေကျပ် (၁၂၀၀)ထိရရှိပြီး ကြိတ်ပြီး ရော်ဘာအစိမ်းပြား တစ်ကီလိုလျင် ကျပ် ၂၄၀၀ကျော်ထိ ပေါက်ဈေးရှိပါကြောင်း အသေးစားရော်ဘာပြားထုတ်လုပ်စက်ရုံပိုင်ရှင်တစ်ဦးကပြောသည်။
မိုင်းယုမြို့တွင် တောတောင်ရေမြေအရ ကောင်းမွန်လျက်ရှိ၍ ဒေသခံတောင်သူတို့မှာ ဆန်၊ စပါး၊ ပြောင်းနှင့် နှစ်ရှည်ရော်ဘာပင်များကို အဓိကအားထားစိုက်ပျိုးကြပြီး လယ်စိုက်ပြီးသည်နှင့် ပြောင်းစိုက်ထားသူမှ ပြောင်းခြံသို့ ပြန်ဝင်ခြင်း၊ ရော်ဘာစိုက်ထားသူတို့မှ ရော်ဘာခြံသို့ ပြန်ဝင်ကာ ရော်ဘာအစေးခြစ် ခြင်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြခြင်း၊ ခြံအတွင်း ပေါင်းရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းလုပ်ငန်း များကိုသာ လုပ်ပေးလျက်ရှိကြောင်း၊ မိုင်းယုတွင် ယခင်နှစ် နှစ်ရှည်ရော်ဘာပင် စိုက်ဧကမှာ ၁၂၀၀၀ ကျော်၊ ပြောင်းစိုက်ဧက ၂၀၀၀ကျော်နှင့် မိုးစပါးစိုက်ဧက ၁၂၀၀၀ ကျော်ထိ ရှိခဲ့ကြောင်း ဒေသဆိုင်ရာအချက်လက် စာရင်းများအရ သိရသည်။
ကိုကိုနိုင်