ကျောက်ဆည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါး၊ နှမ်း၊ ဝါ၊ ငရုပ်၊ နှင့် ပဲအအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ တောင်သူအချို့သည် နေ့စဉ်ဝင်ငွေရနိုင်သည့် ကာလတိုသီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်းနှင့် ယခုအခါ တိုင်ထောင်ပဲတောင့်ရှည်သီးနှံများ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် ပဲတောင့်ရှည်စိုက် တောင်သူများ နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲတောင့်ရှည်သီးနှံသည် ကာလတို မီးဖိုချောင်သုံး သီးနှံတစ်မျိုးဖြစ်ပြီး နှုန်းမြေနှင့်ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း စိုက်ပျိုးပြီးရက်ပေါင်း(၇၀)တွင် စတင်ခူးဆွတ်ရကြောင်း၊ ပဲတောင့်ရှည် အပင် (၃၀၀)စိုက်ပျိုးပါက စတင်ခူးဆွတ်ချိန်တွင် (၅)ပိသာခန့်ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါ ခူးဆွတ်ပါက (၃၅)ပိဿာမှ(၄၀)ပိဿာအထိခူးဆွတ်ရကြောင်းနှင့် တစ်ပိဿာငွေကျပ်(၁၃၀)ဖြင့် ရောင်းချရသဖြင့် ပဲတောင့်ရှည်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သင်ပျိုးကျေးရွာမှ ဦးထွန်းကျော်က ပြောပြသည်။
ပဲတောင့်ရှည်သီးနှံစိုက်ပျိုးမည်ဆိုပါ ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး လေဝင်လေထွက်နှင့် နေရောင်ခြည်ကောင်းစွာရရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင်၊ တစ်ပေခွဲအကွာ၊ တစ်တန်းနှင့်တစ်တန်း၊ နှစ်ပေခန့်အကွာခန့် စိုက်ပျိုးမှသာ အပင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း မိသားစုတစ်နိုင်တစ်ပိုင် မျှားနီတံဆိပ်တိုင်ထောင်ပဲတောင့်ရှည်မျိုး စိုက်ပျိုးထားသည့် ဒေါ်ခင်ကြည်ကပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)