ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့)သင်တန်း  သင်တန်းဆင်းပွဲပြုလုပ်

ကျောက်ဖြူ ဇွန်လ ၂၇

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်ဖြူမူလတန်းကြိုကျောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်တို့က သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ယခုသင်တန်းသည် သုံးနှစ်မှ ငါးနှစ်အရွယ်ကလေး သူငယ်ဖွံ့ဖြိုးမှုကို အဓိကသိရှိနိုင်ရန်သင်ကြားပြသပြီး ကလေးများအဟာရဖွံ့ဖြိုးမှု (၅)ရပ်နဲ့အညီ ဖွံ့ဖြိုးစေဖို့ မူကြိုဆရာမများသာမက နေအိမ်ရှိ မိသားစုများပါဝိုင်းဝန်းပြုစုစောင့်ရှောက်ရန် မိဘအသိပညာပေးခြင်းဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးခဲ့ပါကြာင်း၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး ကလေးများကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရရှိစေရေးကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းသူများ သင်တန်းတွင် စိတ်ပါဝင်စားပြီး ပိုမိုကြိုးစားလိုစိတ်ရရှိလာစေရန်နှင့် လက်တွေ့နယ်ပယ်မှာ လက်တွေ့အသုံးချတတ်စေရန်ရည်ရွယ်ပြီး သင်ခန်းစာများအား စာမေးပွဲဖြေဆိုစေခြင်း၊ သင်ထောက်ကူ လက်တွေ့ပူးပေါင်းဆောင်ရွက်စေခြင်း၊ သီချင်း၊ ကဗျာများကို ကလေးများအား သင်ကြားပြသသကဲ့သို့ သီဆိုစေခြင်း၊ ပုံပြင်စာအုပ်ပြုလုပ်စေခြင်းနှင့် ပုံပြင်များလက်တွေ့ပြောဆိုစေခြင်း၊ ပန်းချီပညာရပ်များစသည့် ဘာသာရပ်များမှ အကဲဖြတ်အမှတ်ပေးကာ ဆုများသတ်မှတ်ပေးခဲ့ပါကြောင်းပြောကြားခဲ့သည်။

ယင်းနောက် သင်းတန်းသူ(၂၅)ဦးအား အခမ်းအနားသို့တက်ရောက်လာကြသော ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဦးစီးမှူးများက သင်းတန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူများအား ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဆုများပေးအပ်ခဲ့ကာ သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ဖြိုးအိအိစံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက ကျောက်ဖြူမူလတန်းကြို ကျောင်း ကလေးကစားကွင်း သွပ်မိုးရန်အတွက် သွပ်အချပ်(၅၀)အားလည်းကောင်း၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်က ငွေကျပ်တစ်သိန်းအားလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ငွေကျပ်တစ်သိန်းအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းက လက်ခံခဲ့ပြီး သင်တန်းသူများက ကဗျာများ၊ သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် သင်တန်းသူများ လက်တွေ့ပြုလုပ်ထားသော ပန်းချီ၊ သင်ထောက်ကူပစ္စည်းများအား အခမ်းအနားတက်ရာက်သူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းသို့ လူမှုတန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများမှ ဆရာမများ၊ မိခင်ဝိုင်းများမှ မိခင်ဝိုင်းခေါင်းဆောင်များနှင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းကို စိတ်ပါဝင်စားသူ မိဘပြည်သူများ၊ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ သင်တန်းသူ (၂၅)ဦးတက်ရောက်ခဲ့ကာ သင်တန်းကာလမှာ ဇွန်လ(၇)ရက်နေ့မှ ယနေ့အထိ (၃)ပတ်ကြာ စာတွေ့လက်တွေ့ပို့ချပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း