တံတားဦးမြို့နယ်တွင် ဓာတ်အားပျောက်ဆုံးမှုမရှိစေရေးနှင့် ဓာတ်အားလိုင်းများ သန့်ရှင်းရေးဆောင်ရွက်

တံတားဦး ဇွန် ၂၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဓာတ်အားပျောက်ဆုံးလျော့နည်းမှုများမရှိစေရေး ပြည်သူများ ဓာတ်အားပြည့်ဝစွာဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုများ မရှိစေရေးတို့အတွက် ယနေ့နံနက်(၉)နာရီက ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်နေရာများတွင် လိုင်းသန့်ရှင်းရေးတို့ကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်ချိုချိုမာဦးဆောင်၍ မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တစီးရှင်ရပ်လမ်းမတစ်လျှောက် လမ်းဘေးဝဲယာရှိ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများနှင့် 11/0.4 KV ဓာတ်အားခွဲရုံအနီးတို့တွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းသန့်ရှင်းရေးလုပ်ငန်းတို့ကို ဆောင်ရွက်ကြသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကြီးကြပ်မှုအောက်ရှိ တံတားဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် 11 KV ဖီဒါ( ၇ )ဖီဒါရှိပါကြောင်း လျှပ်စစ်မီးသုံးစွဲသူပေါင်း(၂၄၈၄၆)ဦးရှိပါကြောင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းသန့်ရှင်းရေးတို့ကို အပတ်စဉ်အနေဖြင့်လည်း ဝန်အားလျော့ကာလများတွင် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်ချိုချိုမာထံမှ သိရသည်။

ရဲတင့်