ပူတာအို ဇွန် ၂၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေဗီယာစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ တောင်သူ ဦးယောဆက်၏ ယာမြေ(၀.၅)ဧက၌ ကျင်းပသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအောင်လွင်နှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သူတို့က ပူတာအိုမြို့နယ်အတွင်း တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရပြည့်၀သော အစားအစာကျွေးမွေးနိုင်ရန်၊ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွင် အာဟာရဓာတ် မြင့်မားပြီး အထွက်နှုန်းကောင်းမွန်စေသော တိရစ္ဆာန် အစာပင်များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နေဗီယာမြက်များကို စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်စေရန် စိုက်ပျိုးနည်း သရုပ်ပြသရခြင်းဖြစ်ကြောင်း တောင်သူပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ခရိုင်/မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်ကာ ဒေသခံတောင်သူများနှင့် အတူပါ၀င်ပြီး နေဗီယာမြက်မျိုးများကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးခြင်းလုပ်ငန်းအား ဒေသတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွား တိရစ္ဆာန်များကို အာဟာရပြည့်၀သော အစားအစာများ ကျွေးမွေးပြီး ကြီးထွားနှုန်းကောင်းမွန်သော မွေးမြူရေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ သရုပ်ပြစိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)