မန်တုံ ဇွန် ၂၇
၂၀၂၂ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မန်တုံမြို့နယ်၊ လွယ်ကန်(၂)ကျေးရွာ၊ တောင်သူဦးထွန်းမြိုင်၏ ယာမြေ၌ ဇွန်လ(၂၄)ရက်နေ့က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများကဦးဆောင်ပြီး မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာ(၁)ဧက စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်အစာပင်စိုက်ပျိုးပွဲသို့ မန်တုံမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဒေသခံပြည်သူများ တက်ရောက်ကြပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာပြည့်ဖြိုးအောင်က ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၉)ရက်မှ ဇွန်လ(၂၅)ရက်နေ့အထိ တိရစ္ဆာန်အစာပင် ရက်သတ္တပတ် စိုက်ပျိုးမှုအခြေအနေ၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးကျွေးမွေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေခြင်း၊ အာဟာရတန်ဖိုးမြင့် မြက်များဖြစ်၍ တိရစ္ဆာန်အစာပင်သည် အသားဓာတ်ပါဝင်မှု (၇)ရာခိုင်နှုန်း မှ(၁၀)ရာခိုင်နှုန်းအထိပါရှိပြီး (၁)ဧက စိုက်ပျိုးလျှင် ရိတ်သိမ်းထားသိုနိုင်သည့် အရွက်ခြောက် (၈)တန်မှ(၁၅)တန်အထိရရှိနိုင်ကာ တိရစ္ဆာန်အစာရရှိရေး အတွက်များစွာအကျိုးပြုမည့် အပင်ဖြစ်သဖြင့် နို့စားနွားမွေးမြူရေးနှင့် အသားစားတိရစ္ဆာန် မွေးမြူကြသည့် တောင်သူများစိုက်ပျိုးသင့်သော တိရစ္ဆာန်အစာပင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)