ရသေ့တောင် ဇွန် ၂၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးစံအောင်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားခဲ့ပြီး ပင်လယ်ပြင်လုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် ငါးဖမ်းရေယာဉ်ပိုင်ရှင်များနှင့်ရေလုပ် သားများ၏ ဆောင်ရွက်ရမည့်အချက်အလက်များ၊ ငါးဖမ်းစက်ကိရိယာဆိုင်ရာကိစ္စရပ်များ၊ ရေလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာကိစ္စများနှင့် ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ကမ်းနီးကမ်းဝေးငါးဖမ်းလှေပိုင်ရှင်များနှင့် လုပ်သားများ၏လုပ်ပိုင်ခွင့်၊ ရပိုင်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးလင်းကျော်နှင့် တပ်ကြပ်ကြီးဦးဇော်အောင်တို့က ရေကူးနည်းများ၊ ရေနစ်သူအား ကယ်တင်ရန်နည်းလမ်းများ ရေယာဉ်ပေါ်၌သဘာဝအန္တရာယ်များကျရောက်ပါက လုပ်ဆောင်ရမည့် အရေးပေးဆိုင်ရာကိစ္စ ရပ်များ၊ရေပေါ်တွင်ပေါ်နိုင်သည့် ပစ္စည်းများအား အရေးပေါ်အသက်ကယ်နိုင်ရန် အသုံးပြုနိုင်ရန်သည့်နည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြုမှုများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရသေ့တောင်မြို့နယ်၊ ကြက်ခြေနီအသင်းက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှကျော်နှင့်တပ်ဖွဲ့ဝင်များက အခြေခံအသက်ကယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေနစ်သည့်လူနာအား စနစ်တကျ ရှေ့ဦးပြုစုလုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ မီးလောင်ရာ၌ မီးခိုးရှူရှိုက်ခြင်း၊ ဓါတ်လိုက်ခြင်း၊ ပြင်ထန်စွာဒဏ်ရာရခြင်းများအတွက် လုပ်ဆောင်ရမည့်ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား ၂၆.၆.၂၀၂၂ နံနက် ၉ နာရီ မှ ၂၇.၆.၂၀၂၂နေ့ ညနေပိုင်းအထိ ၂ ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် ၄င်းသင်တန်းအား ရေလုပ်သားများနှင့်ရေလုပ်ငန်းများအား စိတ်ပါဝင်စားသူ ၃၀ ကျော်တို့က စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)