သန်လျင် စက်တင်ဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု များသို့ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။
ယင်းသို့ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် ကော်မတီဝင်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ၊ လက်သန့်ဆေးရည်များ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက် များ သိရှိလိုက်နာစေရေး အသိပညာပေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများရှိနေခြင်းကြောင့် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)