မိုင်းယောင်း ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် စာရေးဆရာပိုင်ဇင်ဇော်(သတ္တု) ရေးသားသော သံလွင်ရေ ဘယ်မခန်းနှင့် စစ်ဝတ္ထုတိုများစုစည်းမှုစာအုပ်၊ ယွမ်းစလင်းကမ်းပါးယံထက်မှ ထာဝရအလင်းတန်းများစာအုပ်၊ ဆုံမှတ်မဲ့မျဉ်းဖြောင့်များစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
စာအုပ်များ ပေးအပ်လှူဒါန်းပွဲတွင် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အမှာစကားပြောကြားပြီး အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာဝန်ခံ ဦးတင်မောင်သန်းက စာအုပ်များလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာဝန်ခံ ဦးတင်မောင်သန်းတို့က ငွေကျပ် ၁၁၉၀၀၀ တန်ဖိုးရှိ စာအုပ်(၄၇)အုပ်ကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း