မိုင်းပျဉ်း ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက စျေးရောင်း/ဝယ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်နယ်မိသားစုများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ မူးယစ်ပညာပေးကာတွန်း၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဘိန်းစိုက်ခင်းဖျက်ဆီးမှု မှတ်တမ်းနှင့်မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စျေးရောင်း/စျေးဝယ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/သူများထံသို့ လက်ဝယ်ရောက် စောင်ရေ(၆၀၀)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)