မတ္တရာမြို့နယ်၌ လျှပ်ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ စစ်ဆေး

မတ္တရာ ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများလျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ စစ်ဆေးခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ညွန့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းထိန်၊ အငယ်တန်းအင်ဂျင်နီယာ - ၂ ဦးသက်လွင်ဌေးနှင့် ဝန်ထမ်းများသည် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ရပ်ကွက်ကျေးရွာများရှိ ထရန်စဖော်မာများစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံများဖြစ်သည့် (33/11 KV) မတ္တရာခွဲရုံ၊ တောင်ပြုံးခွဲရုံ၊ ကျောက်စရစ်မြောက်ခွဲရုံနှင့် စလေခွဲရုံများရှိ ထရန်စဖော်မာများနှင့် Control Panel များကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများ လျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အပတ်စဉ်စစ်ဆေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)