မိုင်းကိုင်မြို့နယ်၌ တိရစ္ဆာန်အစာပင်များ အခမဲ့ဖြန့်ဝေ

မိုင်းကိုင် ဇွန် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း တိရစ္ဆာန်အစာပင်များ အခက်အခဲမရှိစေရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၃) ရပ်ကွက်၊ ဖာခေးအပိုင်းရှိ စိုက်ပျိုးရေး/မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ  ဦးစိုင်းမောင်သိမ်း၏ ခြံ၌ မွန်ဘာဆား (Mombasa) နှင့် မူလတူ (Mulato) မြက်မျိုးစေ့များကို  အခမဲ့ဖြန့်ဝေခြင်းနှင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခမဲ့ ဖြန့်ဝေခဲ့သည့် တိရစ္ဆာန်အစာပင်များသည် စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ရိတ်သိမ်းနိုင်ပြီဖြစ်ကြောင်း၊ အပင်၏အမြင့်မှာ ၆ ပေခန့်အထိ ရှိကြောင်း၊ တစ်ကြိမ်စိုက်ပျိုးထားခြင်းဖြင့်  သုံးနှစ်ကြာသည်အထိ  ပုံမှန်ရိတ်သိမ်း၍ တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးနိုင်ကြောင်း ၊ မျိုးစေ့များကို  ရယူ၍လည်း ထပ်မံဖြန့်ဝေပေးနိုင်ကြောင်း၊ လွိုင်လင်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်ဆန်းဝင်းက မွေးမြူရေးလုပ်ငန်းရှင်များအား ရှင်းလင်းပြောပြခဲ့သည်။

ထိုသို့  ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း  ရက်သတ္တပတ် အစီအစဉ်ဖြင့် ကျွဲ၊ နွား မွေးမြူသည့် တောင်သူများ နွေရာသီကာလ၌ တိရစ္ဆာန်အစာပင်  အခက်အခဲမရှိစေရန်၊ အာဟာရဓာတ်ပြည့်ဝသည့် အစာများကို  ကျွေးမွေး၍ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိလာစေရန်၊ တိရစ္ဆာန်များအား လွတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့  ပြောင်းလဲမွေးမြူနိုင်ရန်အတွက် တိရိစ္ဆာန်အစာပင်များကို အခမဲ့ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)