ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီး

ရန်ကုန် ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှိုဖျက်ဆီးခြင်းအခမ်းအနားများကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တောင်ကြီးမြို့တို့၌ ကျင်းပပြုလုပ်သည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နား ကွင်း၌ နံနက် ၈ နာရီက ကျင်းပသည့် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွာကိုဖတ်ကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးအဖွဲ့ အတွင်း‌ရေးမှူး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်မျိုးမင်းထိုက်က ဖမ်းဆီးရမီသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထိုနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ အားကြည့်ရှုစစ်ဆေးကြပြီး မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ဓာတုပစ္စည်းများကို တာဝန်ရှိ သူများက စက်ခလုတ်နှိပ်မီးရှို့ဖျက်ဆီးကြသည်။

ယနေ့မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဖမ်းဆီးရမိသော ဘိန်းဖြူ ၁၆၂.၉၂ ကီလို၊ ကတ်တမင်း ၁၃၄၅.၉၂၂ ကီလို၊ စိတ်ကြွရှုးသွပ်ဆေးပြား ၆၅ သန်းကျော်အိုက်(စ်) ၇၅၉၉ ကီလိုကျော်၊ ဘိန်းစာရွက် ၁၁၇၇ ကီလိုကျော်၊ ဆေးခြောက် ၄၆၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၃၃) မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၃၅၆ ဒသမ ၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)