ဟိုပုံး စက်တင်ဘာ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက်ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သန္တာလင်းက စိုက်ပျိုး ထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် သွင်းအားစုမျိုးကောင်း မျိုးသန့်များအား တောင်သူများလိုအပ်သည့်ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ်တကူ ရရှိအသုံးပြုနိုင်စေရန် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် တောင်သူများ အပေါ် ထိခိုက်မှုမရှိစေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင် ရန် ရာသီဉတုပြောင်းလဲလာမှုကြောင့်ကြုံတွေ့ရမည့် မျိုး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အရံမျိုးများ စုဆောင်းထားရှိရန်၊ ဈေးကွက်ဝင်သည့် အရည်အသွေးကောင်းစပါးများ ထုတ်လုပ်ခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်စေရန်၊ မျိုးကောင်းမျိုး သန့်မျိုးစေ့များ အသုံးပြုခြင်းဖြင့် စပါးတစ်ဧကအထွက်နှုန်း တိုးတက်လာစေရန်ရည်ရွယ်ပြီး COVID-19 စီးပွားရေး ကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP) အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခိုင်သန္တာလင်းက ဒုတိယအကြိမ် မျိုးကွဲပယ်ရန် စပါးတစ်ဧကလျှင် ကျပ်(၅၀၀၀၀)နှင့် ချွေလှေ့သန့်စင်ခ ကျပ်(၁၅၀၀၀)နှုန်းဖြင့် မြို့မ ရပ်ကွက်၊ နမ့်ခုတ်ကျေးရွာ အုပ်စုနှင့် ပေါင်လင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၁)ဦး၊ (၄၅)ဧက အတွက် ကျပ်သိန်း(၂၉၂၅၀၀၀)နှင့် ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးတို့ကို တောင်သူတစ်ဦးချင်းစီသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းခမ်းခြူး