ဆီဆိုင် ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်) ယုဇန ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ရှင်းလင်းပြောကြားပြီး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးဝင်းဇော်ဦးမှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ သိသင့်သိထိုက် သည်များကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ တာဝန်ရှိသူများက အလယ်တန်းအဆင့် ပန်ချီပြိုင်ပွဲနှင့် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓါတ်ပုံများ၊ ဆုရပန်းချီများနှင့် ဆုရဆေးရောင်ခြယ် ပုံများကို ပြသထားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဝင်းဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)