နောင်ချို ဇွန် ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကံကြီးကျေးရွာအုပ်စု၊ ရှောက်ချုံ ကျေးရွာတောင်သူ ဦးမောင်မောင်ကြီးယာမြေ၌ မိုးရာသီတိရစ္ဆာန်အစာပင် (မွန်ဘားဆား) မြက် စိုက်ပျိုးသရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တိရစ္ဆာန်အစာပင် (မွန်ဘားဆား) စိုက်ပျိုးခြင်းကို နောင်ချိုမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်မဲခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ဝင်း၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းသန့်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး တောင်သူ ဦးမောင်မောင်ကြီး၏ ယာမြေ (၁) ဧက၌ မိုးရာသီတိရစ္ဆာန်အစာပင် (မွန်ဘားဆား) ကို သရုပ်ပြ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစာရှားပါးချိန်တွင် အာဟာရဓာတ် ပြည့်ဝသော ဖြည့်စွက်စာအဖြစ်ကျွေးမွေးနိုင်ရန်နှင့် မွန်ဘားဆားမြက်ကို ကြက်၊ ဝက်၊ နွား၊ ဆိတ်မွေးမြူရာတွင် ကျွေးမွေးပါက အသားဓာတ်ပြည့်ဝပြီး ကြီးထွားနှုန်းကောင်းမွန်စေရန်၊ တောင်သူများ စိတ်ပါဝင်စားစွာ စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ မွန်ဘားဆား စိုက်ပျိုးထားရှိခြင်း ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)