ကျောက်ဖြူမြို့နယ်၌  ၂၀၂၂ ခုနှစ်၊ မိုးရာသီ ICM ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျောက်ဖြူ  ဇွန် ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်အား ကာကွယ်ထိန်းသိမ်းနိုင်ရန်၊  ဒီရေတောသစ်ပင်များပြုန်းတီးမှုမရှိစေရန်နှင့် ဂေဟစနစ်ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ ICM ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်အနီးရှိ ဒီရေတောဧရိယာအတွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူးနှင့် မြို့နယ်သစ်တောဦးစီးဌာနမှူးတို့တို့က ICM ဒီရေတောသစ်ပင်စိုက်ပျိုးမည့်စံမံချက်အရ မိုးရာသီဒီရေတော သစ်ပင်စိုက်ပွဲတော်သို့တက်ရောက်လာသူများအား ပျိုးပင်များကိုပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ဒီရေတောရှားပါးပင်များဖြစ်သည့် မြိုင်ကြီးပင်၊‌ ဗျူးခြေထောက် အဖို၊အမ(၂၀၀) ပင်တို့အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။  

အဆိုပါအခမ်းအနားသို့ ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြင်ဖြူမော်ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း