လှိုင် စက်တင်ဘာ ၈
လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နီနီစိုးက မဲဆွယ်စည်းရုံးရာတွင် ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ညွန်ကြားချက်အမှတ် ၁/၂၀၁၄ ရွေးကောက်ပွဲဆိုင်ရာစု ဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးဇော်မျိုးဦးက ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် တားမြစ်ချက်များအား မြို့နယ် ရွေးကောက်ပွဲ အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ပါတီအသီးသီးမှ ကိုယ်စားလှယ်များကလည်း မိမိတို့မြို့နယ်သည် Stay Home မြို့နယ်တွင် အကျုံးဝင်နေသောကြောင့် မဲဆွယ်စည်းရုံးခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် ပါတီ(၆)ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်(၇)ဦး၊ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ် (၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ လှိုင်မြို့နယ်တွင် မဲရုံပေါင်း(၈၇)ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း (၁၃၀၀၀၀) ကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)