လားရှိုး ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ပုံတူပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးမြို့တွဲဖက်ပြည်နယ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပုံတူပန်းချီပြိုင်ပွဲတွင်သတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများအပေါ် ဆုရွေးချယ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Green Light ကိုယ်ပိုင်ကျောင်းမှကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်ကို ဖြန့်ဝေခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)