ပင်လောင်းမြို့နယ်အတွင်း နွားများ လွှတ်ကျောင်းခြင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲ မွေးမြူနိုင်ရန် မူလတို မြတ်မျိုးစေ့များ အခမဲ့ဖြန့်ဝေ

နောင်တရား ဇွန် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း နွားများ လွှတ်ကျောင်းခြင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် လိုအပ်သော တိရစ္ဆာန်အစာပင် လုံလောက်စွာ ရရှိစေရန်အတွက် မူလတို မြတ်မျိုးစေ့များကို ဘန့်ပြင်ကျေးရွာအုပ်စု နောင်ကာမှီးကျေးရွာ၌ ယနေ့တွင် ကျေးရွာအရောက် အခမဲ့ဖြန့်ဝေစိုက်ပျိုးသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘန့်ပြင်ကျေးရွာအုပ်စု၊ နောင်ကားမီး အရှေ့ရွာ၌ တောင်သူ  ဦးခင်မောင်၏ စိုက်ပျိုးမြေ (၁)ဧကပေါ်တွင် မူလတို (mulato)မြက်မျိုးကို သရုပ်ပြ စိုက်ပျိုးပေးခဲ့ပြီး  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် နွားမွေးမြူရေးတောင်သူများက တက်ရောက်လေ့လာကြသည်။

 “တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲရန် လိုအပ်တဲ့ တိရစ္ဆာန်အစာပင်များကို လုံလောက်စွာရရှိနိုင်ပါတယ်၊ နွေရာသီမှာ အစာရှားပါးမှု ပြဿနာများကိုဖြေရှင်းနိုင်ပါတယ်၊ တိရစ္ဆာန်များကို အာဟာရပြည့်ဝသည့် အစာများ ကျွေးမွေးခြင်းဖြင့် မွေးမြူရေးထုတ်ကုန်များ မြှင့်တက်လာပြီး မွေးမြူရေးတောင်သူများ တစ်ဖက်တစ်လမ်းမှ အကျိုးအမြတ်များစွာရရှိနိုင်မှာဖြစ်ပါတယ်” ဟု နောင်တရားမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဦးခွန်သန်းထွန်းက ပြောသည်။ အဆိုပါ တိရစ္ဆာန်အစာ မူလတိုမြတ်မျိုးများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)