မတ္တရာ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လမ်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ ကုမ္ပဏီတာဝန်ရှိ သူများမှ ရှင်းလင်းတင်ပြခဲ့သည်။ ဧက(၁၇၀)အကျိုးပြုမည့် ဆိပ်သာကျေးရွာကုန်ထုတ် လမ်း(၁/၀.၅)မိုင်နှင့် ဧက(၂၀၀)အကျိုးပြုမည့် မြောင်းသစ်ကျေးရွာ ကုန်ထုတ်လမ်း (၂/၆.၆၇)မိုင်ကို ငွေကျပ် (၁၈၅.၂၈)သန်းဖြင့် စိန်သစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများ၊ တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာကုန်ထုတ်လမ်းကော်မတီနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)