ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တောင်ကြီးတက္ကသိုလ်၌ ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်စိုက်ပျိုး

တောင်ကြီး    ဇွန်  ၂၅

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ဇီဝဂေဟစနစ် ထိန်းသိမ်းနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး တောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဝင်း အတွင်းရှိ မောဧကရီ အဆောင်ရှေ့၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက တောင်ကြီးတက္ကသိုလ် ရုက္ခဗေဒဌာနမှ ချယ်ရီပျိုးပင်ပေါင်း(၂၀၀)နှင့် စိန်ပန်းပြာ(၁၀၀) စုစုပေါင်း(၄၀၀)ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ သစ်ပင်များကို တောင်ကြီးတက္ကသိုလ် သံလွင်ဦးကျောင်းသားဆောင်၊ နန်းဝတီနှင့် မောဧကရီကျောင်းသူဆောင်များမှ ကျောင်းသား/ကျောင်းသူ(၄၀၀)နှင့် ဆရာ/ဆရာမ (၁၀၀)၊ စုစုပေါင်း(၅၀၀)ခန့် စုပေါင်းစိုက်ပျိုးကြခဲ့ကြပြီး သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေခြင်း၊ ရာသီဥတုအမျှတစေခြင်း၊ သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူ သိုလှောင် ဖယ်ရှားပေးခြင်း၊ ရေနှင့်မြေဆီလွှာကို ထိန်းသိမ်းခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူတို့က သစ်ပင်များ စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

အဆိုပါတောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် တောင်ကြီးတက္ကသိုလ် မောဧကရီကျောင်းသူဆောင် ရှေ့ဝင်လမ်းနှင့်အားကစားရုံသွားရာလမ်းဘေး ဝဲယာတစ်လျှောက်တွင် စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)