လင်းခေး ဇွန် ၂၅
လာမည့် ဇွန် ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှိုင်ဦးက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ခန့်မင်းငွေက မူးယစ်ဆေးဝါးများဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)က မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ဆိုးကျိုးများအကြောင်း အသိပညာပေးခြင်းကို ကျောင်းသား၊ ကျောင်းသူများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး နောက်အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားမစတင်မီ ခရိုင်ပြန်/ဆက် ရုံးဝန်ထမ်းများက ဦးစီးဌာနမှထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို တက်ရောက်လာကြသူတို့၏ လက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
အခမ်းအနားသို့ လင်းခေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လင်းခေးအခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမိုးဆွေနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ခရိုင်ပြန်/ဆက်မှ ဦးစီးမှူး၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်