နမ့်ခမ်း ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာအနီးရှိ ဦးအားကွေ၏ နို့စားနွားမွေးမြူရေးခြံ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ပြီး မိုးရာသီ မွန်ဘာဆား(Mombasa) တိရိစ္ဆာန်အစာပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ မွေးမြူရေးတောင်သူများက လွန်ခဲ့သည့်(၂)နှစ်တွင် နေပီယာ(Napier) တိရိစ္ဆာန်အစာပင် စိုက်ပျိုးခဲ့ရာမှာ အောင်မြင်ဖြစ်ထွန်းပြီး မွေးမြူရေးတောင်သူများက တိရိစ္ဆာန်အစာအတွက်များစွာ အကျိုးပြုလျက်ရှိသည်။ ယနေ့နံက်(၁၀)နာရီအချိန်က နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာအနီးရှိ ဦးအာကွေး၏ နို့စားနွားမွေးမြူရေးခြံ၌ မွန်ဘာဆား(Monbasa) တိရိစ္ဆာန်အစာပင် (၁)ဧက သွားရောက်စိုက်ပျိုးခဲ့ရာ ယခုစိုက်ပျိုးသည့် မွန်ဘာဆား (Monbasa)သည် ဒေသရာသီဥတုနှင့်ကိုက်ညီ၍ အပင်ဖြစ် နှုန်းကောင်းပြီး အကြမ်းခံအပင်မျိုးဖြစ်သည်။
မွန်ဘာဆား(Monbasa) တိရိစ္ဆာန်အစာပင်သည် အသားဓာတ်ပါဝင်မှု (၇)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းအထိ ပါရှိပြီး (၁)ဧက စိုက်ပျိုးလျှင် ရိတ်သိမ်းထားသိုနိုင်သည့် အရွက်အခြောက် (၈)တန်မှ (၁၅)တန်အထိ ရရှိနိုင်ကာ တိရိစ္ဆာန်အစာရရှိရေးအတွက် များစွာအကျိုးပြုမည့် အပင်ဖြစ်သဖြင့် နို့စားနွားမွေးမြူရေးနှင့် အသားစားတိရိစ္ဆာန်မွေးမြူကြသည့် တောင်သူများမှ စိုက်ပျိုးသင့်သော တိရိစ္ဆာန်အစာပင် တစ်မျိုးဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းထံ သိရသည်။
တိရိစ္ဆာန်အစာပင် မွန်ဘာဆား(Mombasa) စုပေါင်းစိုက်ပျိုးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများက တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)