မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (community Centre)ခန်းမတွင် “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် ဟောပြောပွဲဆောင်ရွက်

မော်လမြိုင် ဇွန် ၂၅

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ဇွန်လ ၂၄ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက အနာဂတ်တိုင်းပြည်အတွက် ထွန်းတောက်ဖွံ့ဖြိုးလာမည့် သားကောင်းရတနာ သမီးကောင်းရတနာ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် လမ်းမှားမရောက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများသိရှိပြီး ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး အမှတ်(၃၈) မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)မှ တပ်ဖွဲ့စုမှူး ယာယီရဲမှူးကျော်သူက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ထိန်းချုပ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုး အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများကို အကျယ်တဝင့် ပြောကြားခဲ့ သည်။

ထိုနောက် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအား သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုး ဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများနှင့်မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ခံစားရသော နောက်ဆက်တွဲဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကြွဆေးသုံးစွဲခြင်းတို့၏ ဆိုးကျိုးများ စသည့် အသိပညာပေးနံရံကပ် စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါ၀င်စားစွာ လာရောက်လေ့လာကြည့်ရှူခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်