တာမွေ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး “ ရှောင်လေဝေးဝေး၊ မူးယစ်ဆေး ” ဆိုသည့် စကားအတိုင်း မူးယစ်ဆေးဝါးဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများ၊ လူစည်ကားရာနေရာများနှင့် “ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ " အထိမ်းအမှတ် အခမ်းအနားတို့တွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
" ယခုလို ကျွန်တော်တို့ ပြည်သူတွေ မူးယစ်ဆေးဝါးနှင့် ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာဟာ အရမ်းကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။ ဒီလက်ကမ်းစာစောင်ကို ဖတ်ရှုလိုက်ရတဲ့အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကိုယ်မသိသေးတဲ့ တစ်ချို့သော ဗဟုသုတတွေကိုလည်း သိရှိခွင့်ရတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ် " ဟု တာမွေ(ယာယီ)စျေးတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသူ ကိုကျော်နိုင်က ဆိုသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လျက်ရှိသည့် မူးယစ်ဆေးဝါးပြဿနာများ၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ နိုင်ငံအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဘိန်းစိုက်ခင်းများအား မီးရှို့ဖျက်ဆီးရှင်းလင်းနေသည့် မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ချေမှုန်းရေး မဟာဗျူဟာ (၂)ရပ်နှင့် နည်းဗျူဟာ (၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ " အထိမ်းအမှတ် ဂုဏ်ပြုကာတွန်း၊ ကဗျာနှင့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)