ဗန်းမော်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်လှစ်

ဗန်းမော်        စက်တင်ဘာ    ၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဒေသခံတောင်သူများအား မိုးသီးနှံစုံနှင့်ဆောင်းသီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးအတွက် စိုက်ပျိုးရေးနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် Covid-19 ရောဂါကာလအတွင်း ကျန်းမာရေးနှင့်ကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး ဗန်းမော်မြို့နယ် စာဝတီးကျေးရွာမှ ဒေသခံတောင်သူ(၄၂)ဦးတက်ရောက်ခဲ့ကြကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးထွန်းက ဘက်စုံပိုးမွှာရောဂါကာကွယ်ရေးတွင် ကာကွယ်နှိမ်နင်းနည်း(၄)နည်း၊ စပါးစိုက်ခင်းတွင် ကျရောက်သော ရောဂါနှင့်ပိုးမွှားကာကွယ်ကုသနည်း၊ ယူရီးယားနှင့် လက်ချား အသုံးပြု၍ ကုန်ကျစရိတ်နည်းစွာဖြင့် ပဲမျိုးစုံအထွက်တိုးစေရန် ဆောင်ရွက်နည်းနှင့် ဝဥစိုက်ပျိုးနည်းစနစ် များကို ပါရိုဂျက်တာဖြင့် ရှင်းလင်းပို့ချခဲ့ကာ တက်ရောက်လာသည့် တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။

"ဗန်းမော်မြို့နယ်မှာရှိတဲ့ တောင်သူတွေ မိုးသီးနှံစုံ၊ ဆောင်းသီးစုံ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖို့၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ နည်းပညာပေးသင်တန်း ပေးရခြင်းဖြစ်ပါတယ်၊ ကျန်းမာရေးအရ သင်တန်းကို ခဏရပ်နားထား အုန်းမယ်၊ Covid-19 ရောဂါကင်းသွားရင်တော့ သင်တန်းကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ပေးသွားမယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်က ပြောသည်။

သင်တန်းတက်ရောက်ရသည့် အကျိုးကျေးဇူးကို စားဝတီးကျေးရွာမှ တောင်သူဦးညွန့်ဝေက "ကျွန်တော်တို့ တောင်သူတွေအတွက် ဘယ်စိုက်ရင် ဘယ်လိုဖြစ်ထွန်းမယ်၊ ပိုးမွှားကာကွယ်ဖို့ အကြောင်း၊ စပါးခင်းမှာ ပိုးမွှားကျရောက် ရင် ဘယ်ဆေးဖျန်းရမှာတွေ စုံစုံလင်လင်ရှင်းပြပေးပါ တယ်" ဟု ပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)