တာမိုးညဲမြို့တွင် လက်ဖက်ခြောက်စက်ရုံ အဆောက်အဦအုတ်မြစ်ချပန္နတင်မင်္ဂလာ အခမ်းအနားကျင်းပ

တာမိုးညဲ ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် လက်ဖက်ခြောက်စက်ရုံတည်ဆောက်ရန်အတွက် အုတ်မြစ်ချပန္နတင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မုန်းဝန်းဗမာယဉ်ကျေးမှုဒုဥက္ကဋ္ဌဦးသီဟလွင်က လက်ဖက်ခြောက်စက်ရုံတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ တာမိုးညဲဒေသတွင် ယခင်ကတည်းကပင် ဘိန်းလုံးဝပပျောက်စေရန်အတွက် ဘိန်းအစားထိုးသီးနှံအဖြစ် ဝူးလုံလက်ဖက်အား အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါတွင် ဒေသတွင်းစိုက်ပျိုးထားသော လက်ဖက်များကို အရည်အသွေးကောင်းမွန်စွာ အဆင့်မြင့်မြင့်ထုတ်လုပ်နိုင်ရန်နှင့် ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခြင်း၊ ဒေသအတွင်း လက်ဖက်စိုက်ပျိုးသူများအတွက် ဝင်ငွေရရှိစေခြင်း အရည်အသွေးကောင်းမွန်သော လက်ဖက်ခြောက်များကို ထုတ်လုပ်နိုင်ခြင်း၊ ဝင်ငွေတိုးစေခြင်းအားဖြင့် နိုင်ငံတော်အတွက် ဝင်ငွေအခွန်အခများရရှိစေခြင်း စသော အကျိုးကျေးဇူးများရရှိစေမှာဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ လက်ဖက်ခြောက်စက်ရုံတည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် စက်ရုံအဆောက်အဦတန်ဖိုးမှာ ငွေကျပ်သိန်း ၈၀၀၀ ခန့်နှင့် လက်ဖက်ခြောက်ထုတ်လုပ်မည့် စက်ပစ္စည်းများ တန်ဖိုးမှာ ငွေကျပ်သိန်း ၈၈၀၀ ခန့် စုစုပေါင်းငွေကျပ် ၁.၆ ဘီလီယံကျော်ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အခမ်းအနားသို့ သက်ဆိုင်ရာဌာနအကြီးအကဲများ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(ခေါန်မိုင်)တာမိုးညဲ