ရမ်းဗြဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show  ပြုလုပ်

ရမ်းဗြဲ  ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍   ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကို  ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ အသိပညာပေး  Talk Show ကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ရွှေက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ ပြောကြားရာတွင် “၂၀၁၉  ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးဆိုသည်မှာ အသက်(၁၈)နှစ်မပြည့်သေးသူများကိုဆိုလိုကြောင်း၊ ကလေး၏အသက်နှင့်စပ်လျဉ်းသည့် အထောက်အထားဆိုသည်မှာ  ကလေးသူငယ်၏ မွေးစာရင်း၊ ကျောင်းဝင်မှတ်ပုံတင်စာရင်း ကောက်နုတ်ချက်မိတ္တူမှန်၊  နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) နိုင်ငံတော်တွင်အမြဲတမ်းနေထိုင်သော နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်၊ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော  သက်ဆိုင်ရာ ဆရာဝန်၏ဆေးထောက်ခံချက်၊  အိမ်ထောင်စုစာရင်းနှင့် အခြားခိုင်လုံသောအထောက်အထား  စာတမ်းအမှတ်အသားတစ်ခုခုကိုဆိုလိုကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်၍  ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊  ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် များကို နိုင်ငံတော်မှ  အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ” စသည်ဖြင့် အကျယ်တဝင့်   ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ကလေးသူငယ်များအတွက် အခြေခံမူ(၄)ရပ် (4 Principles)ဖြစ်သော ကလေး၏အကောင်းဆုံးအကျိုးဖြစ်ထွန်းမှု၊ ခွဲခြားသတ်မှတ်မှုမရှိခြင်း၊  ကလေးငယ်များ၏ ထင်မြင်ယူဆချက်ကို  အလေးထားမှု၊ အသက်ရှင်သန်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု စသည့်အချက်များကိုလည်း ပြည်သူများသိရှိနားလည်နိုင်စေရန် ရည်ရွယ်လျက် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ဆောင်ရွက်မှုများကို ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြည်သူ့ဝန်ဆောင်မှုအစီအစဉ်အဖြစ်  Online မှတဆင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)