တပ်ကုန်း ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ အားစိုက်လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မွေးမြူရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော ရှောက်ကုန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာအနီး၊ (JOIN GLOBAL MYANMAR) ကြက်မွေးမြူရေးခြံသို့ ယမန်နေ့နံနက် ၁၁ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ကြက်ခြံနှင့် တွဲဖက်စိုက်ပျိုးသင့်တော်သည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ ကြက်ခြံဇီဝလုံခြုံရေးဆိုင်ရာအချက်များ၊ ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုးစားဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး၊(JOIN GLOBAL MYANMAR )ကြက်မွေးမြူရေးခြံ အကြံပေးအရာရှိဦးသိန်းဇော်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နောက်ကြက်ခြံများတွင် ကြက်မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့အဝင်ရှိ ORIENTAL HIGHWAY COMPANY LIMIED သို့ ရောက်ရှိ၍ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းလုပ်ငန်းဆောင်ရွက်မှု၊ လမ်းအသုံးပြုခ ငွေကောက်ခံရေး၊ ဝန်ထမ်းများ ပြောဆိုဆက်ဆံ အဆင်ပြေစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် စီမံကိန်းမန်နေဂျာ ဦးစိုင်းအောင်သင်းက ရေတာရှည်-ပျဉ်းမနား-ရမည်းသင်း လမ်းအပိုင်းလုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခဲ့သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ဒဟတ်ကုန်းသကြားစက်သို့ရောက်ရှိ၍ အဆိုပါစက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်ရုံမှူးဦးအေးကိုက ဒေသခံတောင်သူများ ကြံစိုက်ပျိုးမှုနှင့်စက်ရုံမှ ကြံဝယ်ယူမှုလုပ်ငန်းများ ရှင်းလင်း တင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တောင်သူများ ကြံသီးနှံပိုမိုစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပေးခဲ့ပြီးနောက် ကြံမြှုပ်ချေးဖြင့် မြေဆီထုတ်လုပ်မှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် မကျီးပင်ကျေးရွာအနီး၊ ရွှေဟိန်းဆန်စက်သို့ရောက်ရှိပြီး ဆန်စက်ပိုင်ရှင် ဦးတင်ထွန်းအောင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြီးနှင့် စပါးအခြောက်ခံစက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်